ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး မစ္စတာ ဂျူလဖန် အမ်ရာဝီဝတ် (Julapun Amornvivat) က ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့ (Cabinet) အစည်းအဝေးတွင် "လာအို၊ မြန်မာနှင့် ဗီယက်နမ်" နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ Work Permit သက်တမ်းကို နောက်ထပ် ၁ နှစ်တိုးမြှင့်ပေးရန် အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။
Cabinet ၏ အတည်ပြုချက်အရ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် ချမှတ်ထားသည့် ဆုံးဖြတ်ချက်ကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ အလုပ်သမားများသည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် အထိ အလုပ်လုပ်ကိုင်ခွင့်ရှိမည်ဖြစ်ကာ၊ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ တိုးမြှင့်ရရှိမည်ဖြစ်သည်။ သို့သော် အလုပ်သမားများအနေဖြင့် အလုပ်အကိုင်ဦးစီးဌာန (Department of Employment - DOE) သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကို အချိန်မီ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။
အလုပ်သမားဝန်ကြီး၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ Work Permit ရရှိထားသူ စုစုပေါင်း ၇၇၀,၀၀၀ ခန့် ရှိနေကြောင်း သိရသည်။ သို့သော် Passport သို့မဟုတ် Passport အစားထိုး (စီအိုင် CI) စာရွက်စာတမ်းများ မရရှိသေးသူများ အနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းစဉ်များ မပြီးစီးပါက တရားဝင်နေထိုင်ခွင့် ဆုံးရှုံးနိုင်သဖြင့် အလုပ်သမားအုပ်ချုပ်ရေးနှင့် လုပ်ငန်းရှင်များ၏ လုပ်သားလိုအပ်ချက်ကို ထိခိုက်မှုမရှိစေရန် ယခုကဲ့သို့ သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆွမ်ချိုင်း မိုရာကော့ (Somchai Morakot) ကလည်း အလုပ်သမားများအနေဖြင့် Work Permit မကုန်ဆုံးမီ သက်တမ်းတိုးရန် လိုအပ်ကြောင်း၊ Passport မရှိသေးသူများသည် Passport (သို့) CI ရယူပြီး Visa လျှောက်ထားခြင်းကို သတ်မှတ်ထားသည့် အချိန်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
Smart Card ပုံစံ Work Permit မထုတ်ပေးရသေးမီကာလအတွင်း ယာယီအလုပ်လုပ်ခွင့်လက်မှတ် (Temporary Work Permit – Type B, Form 62)ဘော်သော် 62 ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
ယင်းလက်မှတ်သည် သတ်မှတ်ထားသော Service Center တွင် Identity Verification နှင့် Work Permit ထုတ်ယူမည့် ရက်အထိသာ အကျုံးဝင်မည်ဖြစ်ပြီး၊ သတ်မှတ်လုပ်ငန်းစဉ်များကို မလိုက်နာပါက Work Permit သက်တမ်းကုန်ဆုံးကာ အထောက်အထားမဲ့ အလုပ်သမား (Undocumented Worker) အဖြစ် သတ်မှတ်ခံရနိုင်ကြောင်း DOE က သတိပေးထားသည်။
ယခုအစီအစဉ်သည် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့၏ သက်ဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်ပြီးနောက် ချက်ချင်း အကျိုးသက်ရောက်မည် ဖြစ်သည်။ LaborWork Note: မြန်မာအလုပ်သမားများအနေဖြင့် Work Permit၊ Passport နှင့် Visa ဆိုင်ရာ လုပ်ငန်းစဉ်များကို သတ်မှတ်အချိန်အတွင်း မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ပြီး၊ နောက်ဆုံးထုတ်ပြန်ချက်များကို အမြဲစောင့်ကြည့်ရန် အကြံပြုအပ်ပါသည်။
Source: Thailand Ministry of Labour / Department of Employment (DOE)



